အားလုံး မင်္ဂလာပါနော်။ စာရေးပျင်းတဲ့ ရောဂါ စွဲကပ်နေလို့ ပို့စ်အသစ် မတင်နိုင်ပဲ ဖြစ်နေတာ အတော် ကြာသွားပါတယ်။ ဟဲ ဟဲ.. ဒါပေမဲ့ ဘလော့ဂါ မောင်နှမတွေရဲ့ ပို့စ်အသစ်လေးတွေကိုတော့ အမြဲလိုလို အလေးထားပြီး သွားဖတ်ဖြစ်ပါတယ်ဗျာ။ နေ့စဉ်နေ့တိုင်း ပို့စ်အသစ်လေးတွေ တင်ရင်း စာဖတ်သူတွေကို ရသ အမျိုးမျိုး ပေးစွမ်းနိုင်တဲ့ ဘလော့ဂါ မောင်နှမတွေကိုလဲ အားကျမိပါရဲ့ ။
အင်္ဂလိပ်ဘာသာအားဖြင့် ANGER ဆိုတာ.. အမျက် ၊ ဒေါသ၊ စိတ်ဆိုးခြင်း၊ အမျက်ဒေါသထွက်ခြင်း လို့ အဘိဓာန်တွေမှာ ဖွင့်ဆိုကြပါတယ်။ လူတိုင်းကိုယ်စီ တစ်ချိန်မဟုတ် တစ်ချိန်မှာ ဒေါသထွက်ခဲ့ဖူးကြမှာပါနော်။ ဒေါသ ကြီးကြီး၊ သေးသေးလေး၊ အလတ်စား ဒါပဲ ကွာခြားမှာပါ။ ဒေါသ အကြီးအသေးကို လိုက်ပြီး တုန့်ပြန်မှု တွေလဲ ကွဲပြားသွားနိုင်ပါတယ်။ ဘာပဲပြောပြော ဒေါသထွက်လာရင် နေလို့ မကောင်းတော့ပါဘူး။
ပြီးတော့ ...
Anger is the most destructive agent.
ဒေါသသည် အဖျက်ဆီးတတ်ဆုံးသော တရားဖြစ်သည်။
ဆိုပြီး အင်္ဂလိပ်၊ ပါဠိ၊ မြန်မာ အဘိဓာန် မှာ အကျယ်တဝင့် ဖွင့်ဆိုထားပါသေးတယ်။
ကဲ.. ဘလော့ဂါမောင်နှမတွေလဲ ဒေါသစိတ်တွေ တစ်ချိန်ချိန်မှာ ကိန်းအောင်းလာခဲ့မယ်ဆိုရင်တော့ အနန္တသူရိယ အမတ်ကြီးရဲ့ မျက်ဖြေလင်္ကာလေးကို သတိတရ ရှိလိုက်ပါလို့။ ဒေါသစိတ်တွေ အထိုက်အလျောက် ငြိမ်းအေးသွားမှာ မလွဲဧကန်ပါ။ အဲဒီလင်္ကာ လေးကို အလယ်တန်းကျောင်းသား ဘဝမှာကတည်းက အလွတ်ရခဲ့ပါတယ်။ ကြိုက်နှစ်သက်လွန်းလို့ စာရွက်ပေါ်မှာ လက်နဲ့ချရေး၊ ပလတ်စတစ် လောင်းပြီး သိမ်းထားမိပါတယ်။
* သူတည်းတစ်ယောက် ၊ ကောင်းဖို့ရောက်မူ ၊
သူတစ်ယောက်မှာ ၊ ပျက်လင့်ကာသာ ၊
ဓမ္မတာတည်း ။
* ရွှေအိမ်နန်းနှင့် ၊ ကြငှန်းလည်းစံ ၊
မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ် ၊
စည်းစိမ်မကွာ ၊ မင်းချမ်းသာကား ၊
သမုဒ္ဒရာ ၊ ရေမျက်နှာထက် ၊
ခဏတက်သည့် ၊ ရေပွက်ပမာ ၊
တစ်သက်လျာတည်း ။
* ကြင်နာသနား ၊ ငါ့အားမသတ် ၊
ယခုလွှတ်လည်း ၊ မလွတ်ကြမ္မာ ၊
လူတကာတို့ ၊ ခန္ဓာခိုင်ကြည် ၊
အတည်မမြဲ ၊ ဖောက်လွဲတတ်သည် ၊
မချွတ်စသာ ၊ သတ္တဝါတည်း ။
* ရှိခိုးကော်ရော် ၊ ပူဇော်အကျွန် ၊ ပန်ခဲ့တုံ၏ ၊
ခိုက်ကြုံဝိပါက် ၊ သံသာစက်၌ ၊
ကြိုက်လတ်တွန်မူ ၊ တုံ့မယူလို ၊
ကြည်ညိုစိတ်သန် ၊ သခင်မွန်ကို ၊
ချန်ဘိစင်စစ် ၊ အပြစ်မဲ့ရေး ၊
ခွင့်လျှင်ပေး၏ ၊ သွေးသည်အနိစ္စာ ၊ ငါ့ခန္ဓာတည်း ။ ။
ရေးစပ်သူ။ ။အနန္တသူရိယ အမတ်ကြီး
ခေတ်။ ။မြန်မာ - ၄၇၄ - ၅၃၅ ခန့်
ဒီလင်္ကာလေးကို မြန်မာဝီကီ ( မြန်မာ ဝီစကီ မဟုတ်ပါ။) မှတဆင့် ပြန်လည်ဝေမျှထားခြင်းဖြစ်ပါတယ်။ မမဝါ ရေ ကျွန်တော့် အကြိုက်ဆုံး လင်္ကာလေးတော့ ရေး(ကူး)ပြီးသွားပြီ။ ကဗျာ တော့ဟုတ်ဘူးနော်။ ကျွန်တော်တို့ မမဝါက သဘောကောင်းပြီးသား။ ရတယ် ဟုတ်။ ဟိဟိ..
ကဗျာ၊ လင်္ကာ၊ ပျို့၊ တေးထပ်၊ တောလား၊ ရတု ... တဲ့ .. ဘယ်လို ခွဲခြားရမှန်း မသိဖြစ်နေလို့။ ဘလော့ဂ်မောင်နှမတွေ သိရင် ပြောပြကြပါဦးနော်။
ရွှင်လန်းချမ်းမြေ့ ကြပါစေ။
မြင်ကွင်းကျယ်သို့...
မူလမြင်ကွင်းသို့...